ဓနုတိုင်းရင်သားများ
ဓနု(တောင်ရိုး)တိုင်းရင်းသား
##################
ဓနုလူမျိုးဟူသည် ၊ ရှေးကရှမ်းပြည်မြေလတ်ပိုင်း နယ်တစ်ကြောတွင်သာ နေထိုင်ကြသည်မဟုတ် မိုးကုတ် မိုးမိတ် မြောက်ပိုင်းရှမ်းပြည် ကျောက်မဲ သီပေါ နောင်ချို မေမြို့အနီးတဝိုက်နှင့်ရွာငံ ပင်းတယ အောင်ပန်းနယ် ကလောနယ် ရပ်စောက်နယ် တောင်ကြီးနယ် ဟဲဟိုးနယ် တီကျစ် ပင်လောင်းမှစ၍ ပျဉ်းမနား အရှေ့ဘက် ပေါင်းလောင်းမြစ်ရိုးတလျောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့် အနောက်ဘက်တောင်တန်း တောင်ကြား လွင်ပြင်မြင့်များ၌ အနှံ့အပြားနေထိုင်ခဲ့ကြသည်ဟု သမိုင်းသုတေသီများက ဖော်ပြခဲ့ကြသည်။
မြေလတ်ဒေသဟူသည် တောင်ရိုးလူမျိုးများလည်း နေထိုင်ကြသည့် ပင်းတယမြို့နယ် ရွာငံမြို့နယ် ကလောမြို့နယ် အတွင်းရှိ နယ်မြေများဖြစ်သည်။
ဓနုလူမျိုး ဖြစ်ပေါ်လာပုံနှင့်ပတ်သတ်၍ --
ဓနုတို့သည် ပရက်ဆိုသော အမျိုးအနွယ်မှ ဆင်းသက်လာပြီး မွန်တို့နှင့်နီးစပ်သည်ဟု ဓနုအမျိုးသားများက ပြောကြသည် ဟုလည်းကောင်း၊
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော တိဗက်တိုဘားမင်းအုပ်စုထဲမှ ရခိုင် ထားဝယ် တောင်ရိုး အင်းသား ရဘိန်း ဓနု ယော စသည့်လူမျိုးများပါဝင်သော အရှေ့တိဗက်တိုဘားမင်းမျိုးနွယ်စုထဲမှ မြန်မာအဆက်အနွယ်များသာ ဖြစ်ကြသည် ဟူ၍လည်းကောင်း ၊
ဓနုတို့သည် ရှမ်းပြည်သို့ မြေပြန့်မှတက်လာကြသည် ဟူ၍လည်းကောင်း ၊
သက်ကြီးစကားသက်ငယ်ကြားအရ အချို့သောဒေသခံများက ပုဂံခေတ်ဘုရင်များသည် မြေပြန့်ကျောက်ဆည် မြစ်သားမှတဆင့် ရှမ်းပြည်မြေလတ်ပိုင်း(ရွာငံ)အနောက်ဘက် တောင်တန်းလွင်ပြင်များဆီသို့
တောကစားထွက်လေ့ရှိသည်။ ဘုရင်များတောကစားထွက်သည့်အခါ နောက်တော်ပါးမှ လေးမြားကိုင် စစ်သည်တော်များ လိုက်ပါလာကြသည်။ ဘုရင်တောကစားပြီး၍ နေပြည်တော်ပြန်သွားသည့်အခါ စစ်သည်တော်အချို့သည် သားကောင်ပေါသော ရှမ်းမြေလတ်တောင်တန်းတခွင်လွင်ပြင်တွင် ဘုရင့်ထံခွင့်ပန်ပြီး ချနိနေရစ်ခဲ့ကြသည်။
ထိုစစ်သည်တော်တို့ ကိုင်ဆောင်သော လေးနှင့် ယင်းတိုတတ်ကျွမ်းသည့် လေးအတတ်ပညာမှာ ပါဠိဘာသာအရ ဓနု ခေါ်ရာမှ ထိုလူမျိုး လေးသည်တော်များက ဆင်းသက်ပေါက်ဖွားလာသောသူများကို ဓနု ဟုခေါ်ကြောင်းဆိုကြပါသည်။
အချို့က အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်အချိန် ဘုရင့်အမှု့တော်ထမ်းများ ဤနယ်အတွင်းချန်ရစ်နေခဲ့ရာမှ လည်းကောင်းတို့မှ နွယ်လာသူများကို ဓနုလူမျိုး ဟုခေါ်ကြောင်းဆိုစမှတိပြုကြသည်။
ဓနုတိုင်းရင်းသား အများစုကမူ မိမိတို့သည် မြန်မာအနွယ်များသာဖြစ်ပြီး မြေလတ်ပိုင်းတောင်ပေါ်ဒေသ ရှမ်းပြည်တွင်နေကြသူများဖြစ်ခြင်းကြောင်း နီးစပ်ရာအပြုအမူ ဓလေ့ထုံးစံများ ရောယှက်နေခြင်းဖြစ်သည်ဟု ပြောကြသည်။
အခေါ်အဝေါနှင့်ပတ်သက်၍ ဓနုတို့က ဓနု ဒနု ဟုမပြောကြပေ။ ဓနုစကားသံဖြင့် ထနု တနု ဟု ခေါ်ကြောင်းဆိုကြသည်။
ဓလေ့ထုံးစံများ
ဓနုလူမျိုးတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး မိရိုးဖလာနတ်ကိုးကွယ်မှုများလည်းရှိကြသည်။ အခါကြီး ရက်ကြီးများတွင် ဘုန်းကြီးကျောင်းများသို့ တရားနာခြင်း ဥပုဒ်သီလစောင့်တည်ခြင်း ကုသိုလ်ကောင်းမှုများပြုလုပ်ကြပါသည်။
ဓနုတိုင်းရင်းသားတို့တို့၏ တာတက်ပွဲတော်သည် ၁၂ လရာသီပွဲတော်များအနက် ထင်ရှားသောပွဲတော်တစ်ခုဖြစ်သည်။ ကျင်းပသည့်အချိန်ကို တန်ခူးလဆန်းတစ်ရက်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိသတ်မှတ်ထားကြသည်။ တာတက်ပွဲကျင်းပချိန်တွင် အခြားရွာမှလာသောဧည့်သည်များကိုကြိုဆိုကြပြီး စေတီပုထိုးကို လက်ယာရစ်သုံးကြိမ်ရစ်၍ ဘုရားအား ပူဇော်ကြသည်။ ထိုသို့ပြုလုပ်ခြင်းကို ပွဲဝင်သည်ဟု ဒေသအခေါ်ဖြင့် ခေါ်ဝေါ်ကြသည်။
ထိုသို့ကြိုဆိုရာတွင် ရှေ့ဆုံးရွာ၏ အကြီးဆုံးလူမှ ထီးဖြူတန်ဆောင်းပြဿ် ကိုင်ဆောင်လျက် အမျိုးသမီးတစ်ဦးမှ ဖယောင်းတိုင် အမွေးတိုင် ဆန် အုန်းသီး ဌက်ပျောသီး အလှူငွေ သင်္ကန်းတို့ဖြင့် ပြုလုပ်ထားသော ကန်တော့ပွဲဖြင့် ဦးဆောင်သွားရသည်။ ထို့နောက်တွင်မှ လူငယ်များမှ ရိုးရာဓနုအိုးစည်အဖွဲ့ တန်ဆောင်းပြဿ်ကိုင်ဆောင်ထားသောလူ ထို့နောက်တွင်မှ မီးရှူးအဖွဲ့တို့မှ အစဉ်လိုက် လိုက်ပါကြသည်။ ထို့နောက် ဘုရားအား သုံးကြိမ်လက်ယာရစ်ပတ်ပြီးနောက် ဘုန်းကြီးကျောင်းပေါ်သို့ တက်ရောက်၍ လှူဖွယ်ဝတ္ထုများလှူဒါန်း၍ တရားတော်နာယူကြသည်။ တာတက်ပွဲကို ပွဲဝင်ပွဲကဲ့သို့ တစ်ရွာပြီးတစ်ရွာလှည့်ခြင်း မဟုတ်တော့ပဲ ပွဲတော်သို့လာရောက်သော ရွာအားလုံးမှ ပါဝင်ကျင်းပခြင်းဖြစ်သည်။ ထိုပွဲတက်ပွဲ ကျင်းပချိန်တွင် လူပျိုအပျိုများက သံချပ်များဖြင့် အပြန်အလှန် စနောက်ကြသော အလေ့အထများနှင့်လည်း ကျင်းပကြသည်။
တာတက်ပွဲကျင်းပချိနိတွင် မီးရှူးပြိုင်ပွဲကိုလည်းကျင်းပကြပါသည်။ ဓနုတိုင်းရင်းသားတို့သည် နယုန်လတွင် စာပြန်ပွဲများကိုလည်း ကျင်းပကြပြီး ဗုဒ္ဓတရားတော်များကိုလည်း ရွတ်ဖတ်ပူဇော်ကြသည်။ ဝါဆိုလတွင်လည်း ရွာအနီးပတ်ဝန်းကျင်များနှင့်လည်း စုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း ဝါဆိုပန်းများ ပူဇော်ခြင်းစသည်တို့ကို ပြုလုပ်ကြပါသည်။ ဝါတွင်းကာလ တလျောက်လုံးတွင်လည်း ဥပုဒ်သီလဆောက်တည်သူများကို ကျွေးမွေးလှူဒါန်းလေ့ရှိပါသည်။
တန်ဆောင်မုန်းလတွင်လည်း အခြားတိုင်းရင်းသားများကဲ့သို့ ကထိန်ပွဲကိုလည်း ကျင်းပပါသည်။ မီးထွန်းပွဲတော်ကိုလည်းကျင်းပပါသည်။ ဓနုတိုင်းရင်းသားတို့၏ လူမူရေးပွဲတော်တစ်ခုဖြစ်သော တောင်ယာသိမ်းပွဲတော်ကို နတ်တော်လနှင့် ပြာသိုလများတွင် ကျင်းပကြသည်။
အဓိကနေထိုင်သော အောင်ပန်းကလော ပင်းတယနှင့် ရွာငံမြိုနယ်များတွင် နှစ်စဉ်တောင်ယာသိမ်းပွဲကို ကျင်းပကြသည်။ တောင်ယာသိမ်းကျင်းပချိန်တွင် လယ်ပိုင်ရှင်မှ ဧည့်သည်များကို ရိုးရာထမင်းဟင်းဖြင့် ကျွေးမွေးကြပါသည်။
ထို့အပြင် ဓနုတိုင်းရင်းသားတို့၏ ရှင်ပြုပွဲကျင်းပပုံသည် ဗမာများနှင့်ဆင်တူသည်။ မိသားစုတွင် ယောကျားလေးရှိပါက တူ တူမ ဆွေမျိုးသားချင်းများကို ရှင်ပြုနားသပွဲကျင်းပပေးရခြင်းသည် ဘာသာရေးတာဝန်သာမက လူမှုရေးတာဝန်ဟုလည်း ယုံကြည်ကြသည်။ ရှင်ပြုပွဲကို တခမ်းတနားကျင်းပကြပြီး ရှင်ပြုပွဲကျင်းပရာတွင် လူနှင့်စံသည်ကို လူစံသည်ဟုခေါ်သည်။ မြင်းနှင့်စံသည်ကို မြင်းစံသည် ဟုခေါ်ဆိုသည့်အလေ့ရှိကြသည်။
ဓနုတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုမှာ ခေါင်းပေါင်းကို ပေါင်းကြသည်။ ရှေးဓနုယောကျာ်းကြီးများသည် ဆံပင်သျောင်ထုံးများနှင့်၁၂ တောင်ရှိခေါင်းပေါင်းနှင့် နားနှစ်ဘက်တွင် နားပေါက်ကြီးများ ၊ ထိုးကွင်းမင်ကြောင်မျ့ားဖြင့် ခန့်ညားထည်ဝါလှသည်ဟု ဆိုကြလေသည်။ ယခုခေတ်တွင်မူ ဘောင်းဘီ ၊ အတွင်းခံအင်္ကျိတို အရှည်နှင့် တိုက်ပုံအင်္ကျိဝတ်ဆင်ကြသည်။ ခေတ်အဆက်ဆက်ပြောင်းလဲလာသော ဓနုအမျိုးသမီးတို့၏ ဝတ်ဆင်မှုမှာ မြန်မာအမျိုးသမီးကဲ့သို့ မခြား အချို့လောက်သာ ကြယ်သီးခုနှစ်လုံးတပ် ဓနုရင်စေ့အကျီင်္ကိုသာ ဝတ်ဆင်ကြတော့သည်။
ဓနုတိုင်းရင်းသားများနေထိုင်ရာကျေးလက်ဒေသများတွင် နေအိမ်ကို အရှေ့မှအနောက်သို့ (နေလျောက်)မဆောက်ကောင်း တောင်မှမြောက်သို့ (နေကျော်)သာ ဆောက်လုပ်ကောင်းသည်ဟု အယူရှိသည်။ ကျေးလက်တောရွာများတွင် ရွာနံဘုရားရှိမှ အိမ်ကိုအုတ်ဖြင့် ဆောက်လုပ်ကောင်းကြောင်းကိုလည်း သိရှိရပါသည်။ ရွာနံဘုရားဆိုသည်မှာ ရွာ၏အမြင့်ဆုံးနေရာတွင် တည်ရှိသော စေတီပုထိုးကို ခေါ်ဆိုပါသည်။ ရပ်ရွာသာရေး နားရေး ကိစ္စများတွင်လည်း ဆန်ဆီဆား ငွေကြေးတို့နှင့်ကူညီစုပေါင်း လုပ်ဆောင်ကြသောအလေ့များလည်း ရှိကြသည်။
ရှေးယခင်က ဓနုလူပျိုများသည် မိန်းကလေးများအား ချစ်ရေးဆိုရာတွင် ကဗျာစာပေများဖြင့် လူပျိုစကားပြောရသည်။ လူပျိုလှည့်ရာတွင် မိန်းကလေးအိမ်၌ နှစ်ယောက်သုံယောက်ဆုံမိပါက နောက်မှရောက်လာသူက ရှောင်ပေးရလေ့ရှိကြသည်။ လူပျိုလှည့်ရာတွင် မိန်းမပျို၏ မိဘ ဆွေမျိုးများရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကဗျာ အလင်္ကာများနှင့် ပြောဆိုလေ့ရှိကြသည်။
တောင်းရမ်းလက်ထပ်ခြင်းသည်လည်း လက်ထက်ပွဲမကျင်းပမှီ မိန်းကလေးမိဘများကို ကြိုတင်ခွင့်တောင်းရပြီးမှသာလျင် ရပ်ရွာ၏အကြီးအကဲနှင့် ဆွေမျိုးများကိုခေါ်၍ မိန်းကလေးအိမ်သို့ လက်ဖက်ဖြင့် သွားရောက်တောင်းရမ်းရခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းကို လက်ဖက်ဖောက်သည် ဟုခေါ်ဆိုသည်။ ဤသို့ပြုလုပ်ပြီး နှစ်ဖက်မိဘများက ရက်ကောင်းရက်မြတ်ရွေး၍ လက်ထပ်ပေးရခြင်းဖြစ်သည်။
ဓနုစကား
ယနေ့ခေတ်အထိ ဓနုစကားနှင့်မြန်မာစကား ဆက်နွယ်နေပုံမှာလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။
ပျူခေတ်က ထမ်းဖီ ယခု ဓနုကလည်း ထမ်းဖီ
ပုဂံခေတ်က တို့နောင် ၊ ဓနုကလည်း တို့နောင်
ယခုခေတ် မုံရွာက ဒုတ်မီး ၊ ဓနုကလည်း ဒုတ်မီး စသည်ဖြင့် ဓနုလူမျိုးများ စကားကို အနည်းငယ်ဖော်ပြလိုက်ပါသည်။
ကိုးကား - တိုင်းရင်းသားယဉ်ကျေးမှု့ဓလေ့ထုံးစံများ
ကိုထိုက် (ဓနုသမိုင်း) ၊
- @min
credit : : Chan Luu

Comments
Post a Comment